Skip to main content

Photoshop နှင့် Illustrator တို့၏ ကွဲလွဲခြားနားချက်များ

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ Adobe ရဲ့ ပေါ်ပြူလာအရမ်းဖြစ်ပြီး အသုံးလည်းတွင်ကျယ်တဲ့ Photoshop နဲ့ Illustrator နှစ်ခုရဲ့ တူမယောင်ယောင် ခြားနားချက် လေးတွေကို ပြောပေးချင်လို့ပါ။ ဒီနှစ်ခုက ဆင်တူသလို ဖြစ်နေတာကြောင့် လုပ်ငန်းစတော့မယ်ဆိုရင် ဘယ်ဟာက မိတ်ဆွေအတွက် ပိုပြီးသင့်တော်မလဲဆိုတာကို ဝေခွဲရခက်နေတတ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ မတူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်လို့ ဆက်လက်ပြီး ရှင်းပြပေးပါမယ်။


Photoshop


Photoshop

Photoshop ဆိုတာ Adobe ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ပရိုဂရမ်တစ်ခု။ အဓိကအားဖြင့် Photoshop က  အစကတည်းက အချောသတ်ပြီးသား ဓာတ်ပုံတွေ၊ Graphics တွေနဲ့ ပတ်သတ်လို့ Modify လုပ်တဲ့နေရာမှာ အကောင်းဆုံးပရိုဂရမ် ဖြစ်ပါတယ်။ 

Photoshop ကနေ Raster (သို့) Bitmap လို့ခေါ်တဲ့ Graphics အမျိုးအစားကို ဖန်တီးပါတယ်။ ဒီ Graphics တွေက Pixels လို့ခေါ်တဲ့ Colour Square သေးသေးလေးတွေပေါ်မှာ အခြေခံထားတာကြောင့် တစ်ခါတစ်လေမှာ ကြည့်ရတာ ဝိုးတိုးဝါးတား ထော်လော်ကန့်လန့်တွေ ဖြစ်နေပါတယ်။ Photoshop မှာ အကုန်လုံးက Pixels တွေချည်းပါပဲ။ ဒါကြောင့်မို့ တစ်ခုခုကို အပေါ်အောက် ဘေးဘယ်ညာရွေ့တဲ့အခါ သူ့ရဲ့ Quality က ခပ်မြန်မြန်ပဲ ကျသွားတတ်ပါတယ်။ သို့ပေမယ့် Web Graphics၊ Photo Editingနဲ့ Design တွေမှာကျတော့ Fixed Size တစ်ခုတည်းပဲဖြစ်တာကြောင့် Photoshop ကိုတွင်တွင်ကျယ်ကျယ် သုံးစွဲကြပါတယ်။

Rastor (or) Bitmap

Photo Editing လုပ်တဲ့နေရာမှာတော့ Photoshop ကအကောင်းဆုံးပါ။ သူ့မှာ အရမ်းကောင်းတဲ့ Filter တွေ၊ Special Effect နဲ့ Tools တွေပါဝင်ပါတယ်။ ပြီးတော့ ကောင်းကွက်အနေနဲ့ သူက Pixel-Pixel ချင်း ထိန်းညှိတာဖြစ်လို့ သင့်ရဲ့ Project အပေါ်မှာ အပြည့်အဝထိန်းချုပ်နိုင်ပါတယ်။ Photoshop က အစပိုင်းမှာတော့ Photographers တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်ထားတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ မတူခြားနားတဲ့ အနုပညာရှင်တွေအတွက် အမျိုးမျိုးသော လက်ရာတွေ ဖန်တီးဖို့ ဖြစ်လာခဲ့ပါတယ်။ Photoshop က သင်ယူရလွယ်ကူပြီး အများကြီးလုပ်ဆောင်နိုင်တာကြောင့် One-Stop Shop လို့တင်စားကြတဲ့အထိတောင်မှ ကောင်းမွန်နေခဲ့ပါတယ်။ သို့သော်လည်း အားလုံးသော Artwork နဲ့ Design တွေအတွက် အကောင်းဆုံးချည်းပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူးခင်ဗျာ။


Illustrator


Illustrator

Adobe Illustrator ဆိုတာတော့ Vectors တွေကို အခြေခံပြီး ဖန်တီးရေးဆွဲတဲ့ Software တစ်ခုဖြစ်ပါတယ်။  Illustrator မှာ Vector Graphics တွေကို သင်္ချာနည်းကျတိုင်းတာချက်တွေနဲ့ ဖန်တီးဆွဲသားပြီး ဒါက Photoshop ရဲ့ Pixel-based Format နဲ့ မတူညီတဲ့ အဓိကအချက်ဖြစ်ပါတယ်။

Adobe

Illustrator မှာ ပြီးပြည့်စုံတဲ့ မျဉ်းတစ်ကြောင်းရဖို့အတွက် Ps မှာလိုမျိုး Pixel နဲ့မဟုတ်ပဲ Computer Algorithm အရ အစက်နှစ်စက်ကို ဆက်ဆွဲခြင်းဖြင့် ဖန်တီးယူပါတယ်။ Vectors တွေဟာဆိုရင် Scalable Images တွေဖြစ်ပြီး အသေးအကြီးကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်ပဲ မတူညီတဲ့ Size အမျိုးမျိုးနဲ့ ပြသဖို့လိုအပ်တဲ့ Logo၊ Graphics နဲ့အခြား Design တွေကို Illustrator မှတစ်ဆင့် ပြုလုပ်လေ့ရှိပါတယ်။

Vector Graphics တွေကို အပေါ်အောက် ဘေးဘယ်ညာရွှေ့လို့ Quality မကျပါဘူး။ ဒီလိုမျိုး Illustrator မှာ Resolution ပိုင်းကို စိတ်ချရလို့ Print ထုတ်ရမယ့် Output တွေအတွက်လည်း အသုံးများပါတယ်။ Illustrator နဲ့ ပတ်သတ်လို့ အားနည်းချက်ကတော့ Filters နဲ့ Editing Tools တွေမှာ ကန့်သတ်ချက် ရှိတဲ့အတွက် အချောသတ်ပြီးသား ဓာတ်ပုံတွေကို Modify လုပ်ဖို့ရာ မလွယ်ကူပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Design ပိုင်းမှာတော့ Adobe ဆိုတာ တစ်ကမ္ဘာလုံး တွင်တွင်သုံးနေတဲ့ Product ဖြစ်ပြီး Photoshop နဲ့ Illustrator ဆိုတာလည်း ပေါ်ပြူလာအဖြစ်ဆုံး ပရိုဂရမ်နှစ်ခုဖြစ်ပါတယ်။  

Ps vs Ai

ဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီနေ့ Photoshop နဲ့ Illustrator တို့ရဲ့ ခြားနားတာလေးနဲ့ ပတ်သတ်ပြီး ပြောပြသွားတာပါ ခင်ဗျာ။ အရမ်းကြီး အကျိုးမရှိရင်တောင် အယားပြေဗဟုသုတလောက်ရတယ်ဆိုရင်ပဲ လှိုက်လှိုက်လှဲလှဲ ကျေနပ်မိပါပြီ။ ဒါကြောင့် နောက်နောင်အခါများမှာလဲ မိဘပြည်သူတို့အတွက် အကျိုးရှိနိုင်ရာကို ရမ်းသမ်းမှန်းဆလို့ လေပေါသမှုပြုဦးမှာဖြစ်လို့ စောင့်မျှော်နားညီးပေးပါဦးလို့ မေတ္တာရပ်ခံရင်း နှုတ်ဆက်ပါရစေခင်ဗျာ။ 

မိဘပြည်သူအပေါင်း သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ 

Swan Htet (Hap Eye)

လေ့လာဖတ်ရှူမှုအတွက် ကျေးဇူးတင်ပါတယ်