Skip to main content

Black Friday ဆိုသည်မှာ ?

ကျွန်တော် ဒီနေ့ Black Friday အကြောင်းကို ပြောပြချင်ပါတယ်။ 

Black Friday

လိုင်းပေါ်မှာလည်း တချက်လောက်တွေ့လိုက်တာရယ်၊ အခါသင့် ပနံသင့်ဖြစ်နေတာကြောင့်ရယ် လေ့လာလိုက်တဲ့အခါမှာ မြန်မာနဲ့ ဆီဆီဆိုင်ဆိုင် မဟုတ်လှပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်နေတာကို သွားရောက်တွေ့ရှိရပါတယ်။ ဒါကြောင့်ပဲ မိတ်ဆွေတို့အတွက် Black Friday အကြောင်းလေးကို လေပေါသမှု ပြုလိုက်ရပါတယ်ခင်ဗျာ။


Black Friday ဆိုတာဘာလဲ။


Black Friday ဆိုတာ ဈေးရောင်းပွဲတစ်ခု....။ မတန်တရာ ပရိုမိုးရှင်းတွေပေးပြီး လက်ကျန်ဖြတ်တဲ့ ပွဲတော်တစ်ခု...။ Black Friday က နှစ်စဉ် နိုဝင်ဘာလ နောက်ဆုံးအပတ်ရဲ့ သောကြာနေ့မှာကျရောက်ပါတယ်။ Black Friday မတိုင်ခင် ကြာသာပတေးနေ့ကတော့ Thanksgiving day လို့ ခေါ်တဲ့ ကျေးဇူးတော်နေ့ဖြစ်ပါတယ်။ တကယ်တမ်း ဈေးရောင်းပွဲက အဲဒီ့ကြာသာပတေးနေ့မှာ စတာပါ။ ညနက်နက်ကတည်းက ဆိုင်ခန်းတွေအားလုံး ဖွင့်လေ့ရှိပြီး ဝယ်ယူသူတွေကလည်း တနှစ်မှတခါရတဲ့ ဒီပရိုမိုးရှင်းအတွက် ဆိုင်မဖွင့်ခင်ကတည်းက လာရောက်တန်းစီနေတတ်ပါတယ်။ 

Black Friday

တကယ်တမ်း ကျေးဇူးတော်နေ့မှာ ရုံးပိတ်ပေမယ့် Black Friday ကတော့ တရားဝင်ပိတ်ရက် မဟုတ်ပါဘူး။ ဒါပေမယ့် ကယ်လီဖိုးနီးယားနဲ့ အခြားဒေသတချို့မှာ အစိုးရဝန်ထမ်းတွေအတွက် တရားဝင်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ ပြင်ပကုမ္ပဏီအချို့နဲ့ ကျောင်းတွေမှာလည်း Black Friday ကို ပိတ်ပေးလေ့ရှိပါတယ်။ ဒီလိုနဲ့ ပုံမှန်အားလပ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနဲ့ပါ ပေါင်းလိုက်ပြီးတော့ လေးရက်တာ ပိတ်ရက်တစ်ခုရယ်လို့ ဖြစ်သွားတာပေါ့ဗျာ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်၊ အတိအကျပြောမယ်ဆိုရင် 2013 လောက်ကပေါ့။ Black Friday ကို ဆိုင်ခန်းတော်တော်များများမှာ စောစောစီးစီး ပြုလုပ်လာကြပါတယ်။ ကျေးဇူးတော်နေ့မှာသာမက တချို့ဆိုရင် တနင်္လာ၊ ဗုဒ္ဓဟူးနေ့တွေကတည်းက ရောင်းချနေပါပြီ။ ရလဒ်အနေနဲ့ ဝင်ငွေတန်ဖိုးအရကြည့်မယ်ဆိုရင် Black Friday အစား ကျေးဇူးတော်နေ့နဲ့ Cyber Monday (Black Friday အပြီး တနင်္ဂလာနေ့) တို့ဟာ ရောင်းအားအကောင်းဆုံး နေ့ရက်တွေ ဖြစ်လာကြပါတယ်။


Black Friday လို့ ဘာကြောင့်ခေါ်တာလဲ။


Black Friday

Black Friday လို့ နာမည်တွင်နေရတာက လုပ်ငန်းရှင်တွေကြောင့်ပါ။ ဒီနေ့မှာ လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ တစ်နှစ်တာ
ရောင်းအားအတက်အကျတွေကို ပြသကြပါတယ်။ သူတို့ရဲ့ ရောင်းအားအကျဆုံး နေ့ရက်တွေကို အနီရောင်နဲ့ ပြသထားပြီး ရောင်းအားကောင်းတဲ့ ကာလအပိုင်းအခြားကိုတော့ အမည်းရောင်နဲ့ ပြသလေ့ရှိပါတယ်။ ဒါ့အပြင် Black Friday ဆိုတဲ့ ဒီအခေါ်အဝေါ်က အင်တာနက်နဲ့ တစ်ဆက်တည်း ကြီးပြင်းလာတာပါ။ Deal Website ဖြစ်တဲ့ DealsOfAmerica.com ကနေပြီး 2003 ကတည်းကစလို့ Black Friday Sales တွေကို Highlight လုပ်ပြီး စတင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်လီဖြန့်ချီသူတွေက ဒါကို ယူသုံးကြရင်းနဲ့ Black Friday လည်း ရုပ်လုံးပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


Black Friday အတွက် ဘယ်လိုကြေညာရောင်းချသလဲ။


 

Black Friday

အများစုကတော့ ကျေးဇူးတော်နေ့မှာ သတင်းစာမှတစ်ဆင့် ကြေညာလေ့ရှိပါတယ်။ သို့ပေမယ့် များမကြာမီကပဲ Stores အတော်များများဟာ နိုဝင်ဘာလဆန်းလောက်ကတည်းက ကြော်ငြာထုတ်လာကြပါတယ်။ တချို့ဆိုရင် အောက်တိုဘာကုန်ခါနီးလို့တောင် သိရတယ်ဗျ။ ဆိုင်ခန်းအများစုဟာဆိုရင် Black Friday နီးလာတာနဲ့အမျှ Online မှာ နေရာယူထားကြပါပြီ။ Website နဲ့ Social Media ကနေတစ်ဆင့် ကြော်ငြာတွေထုတ်ပြီး ဖောဖောသီသီရောင်းချနိုင်ဖို့အတွက် ရုန်းကန်နေကြပါပြီ။ DealsOfAmerica.com မှာတော့ Black Friday အတွက် ဝယ်ယူမှုတွေကိုပါ ပြုလုပ်နိုင်တယ်လို့ သိရှိရပါတယ်။ 

ကျွန်တော်ဒီနေ့ Black Friday နဲ့ ပတ်သတ်ပြီး ပြောပြသွားတာပါ ခင်ဗျာ။ အရမ်းကြီး အကျိုးမရှိရင်တောင် အယားပြေဗဟုသုတလောက်ရတယ်ဆိုရင်ပဲ လှိုက်လှိုက်လှဲလှဲ ကျေနပ်မိပါပြီ။ ဒါကြောင့် နောက်နောင်အခါများမှာလဲ မိဘပြည်သူတို့အတွက် အကျိုးရှိနိုင်ရာကို ရမ်းသမ်းမှန်းဆလို့ လေပေါသမှုပြုဦးမှာဖြစ်လို့ စောင့်မျှော်နားညီးပေးပါဦးလို့ မေတ္တာရပ်ခံရင်း နှုတ်ဆက်ပါရစေခင်ဗျာ။ 

မိဘပြည်သူအပေါင်း သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ 

Swan Htet (Hap Eye)

လေ့လာဖတ်ရှူမှုအတွက် ကျေးဇူးတင်ပါတယ်