Skip to main content
Steve Jobs
Digital Life Style
| 19 January 2019

Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs ရဲ့ ထူးထူးခြားခြား အမူအကျင့်များ

Apple ရဲ့ ဖခင်၊ ကမ္ဘာကျော်ဖန်တီးရှင် Steve Jobs  တယောက် ကြွေလွင့်သွားတာ ၇နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။
ဒါပေမယ့် သူ့ကို ချစ်ခင်လေးစားတဲ့ ကမ္ဘာတဝှမ်းက အသုံးပြုသူတွေအားလုံး ယနေ့အထိ လွမ်းဆွတ်နေကြဆဲပါပဲ။
ကျွန်တော်တို့ရဲ့ တိုတောင်းတဲ့ သက်တမ်းတလျှောက်မှာ မိမိချစ်မြတ်နိုးတာကို ရူးသွပ်စွာလုပ်ဆောင်ပြီး လွတ်လပ်စွာ ရှင်သန်နေထိုင်ဖို့ Steve တယောက် လမ်းပြသွားခဲ့ပါတယ်။ 

Steve Jobs
 

Steve Jobs ရဲ့ ထူးထူးခြားခြား အမူအကျင့်လေးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖတ်ကြည့်လိုက်ရအောင်။


သက်သတ်လွတ် ရာသက်ပန်စားခြင်း


Steve Jobs


Steve Jobs ဟာ Zen ဗုဒ္ဓဘာသာဝင်တဦးဖြစ်ပါတယ်။ အိန္ဒိယခရီးစဉ်အပြီးမှာ သူရဲ့ ဆံပင်တွေပြန်မပါလာတော့ပဲ ခြေဗလာနဲ့ ဝတ်ရုံခြုံပြီး ကမ္ဘာပတ်နေခဲ့ပါတယ်။ Zen ကျင့်စဉ်တွေကိုလည်း အသည်းအသန်အားထုတ်နေခဲ့ပြီး အတော်လေးတောင် တရားပေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲနောက်ပိုင်းမှာတော့ သတ်သတ်လွတ်ကို ရာသက်ပန်စားခဲ့ပြီး ကင်ဆာဖြစ်ပွားနေချိန်မှာတောင် ဆရာဝန်တွေခမျာ ကြက်ဥကြော်ကို မနည်းကျွေးရတဲ့အဖြစ်ကို ရောက်သွားရှာပါတယ်။


ခပ်ဆိုးဆိုး ဆယ်ကျော်သက်ဘဝ


 

Steve Jobs

မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ Steve တယောက် ငယ်ငယ်တည်းက နည်းနည်းဆိုးသွမ်းခဲ့ပါတယ်။ မူကြိုကတည်းက စာလုံးဝမလုပ်ပဲ ဆရာမတွေက သူ့ကို မုန့်ကျွေးပြီး ချော့မော့ခိုင်းရပါတယ်။ ကျောင်းမှာလည်း ပြဿနာတခုခုတက်ရင် သူပဲဆိုတာ ပြောစရာကို မလိုပါဘူး။ ကောလိပ်မှာလည်း Steve Wozniak နဲ့ပေါင်းပြီး အဆောင်နေကျောင်းသားတွေရဲ့ တီဗီကိုထိန်းချုပ်ပြီး ကမောက်ကမတွေဖြစ်အောင် လုပ်ခဲ့ပါသေးတယ်။ မူးယစ်ဆေးလည်းစွဲခဲ့ပြီး သူအမာခံအားပေးတဲ့ Bob Marley နဲ့ ကားဂိုဒေါင်ထဲမှာ အတူတူသီချင်းဆိုခဲ့ပါတယ် (စိတ်ကူးယဉ်တာပါ)။ ရည်းစားလည်း အတော်လေးရှူပ်ပြီး လီဆာဆိုတဲ့ သမီးမိန်းကလေးတယောက်လည်း စောစောစီးစီး အဖတ်တင်သွားပါတယ်။ လီဆာကို သူ့သမီးမဟုတ်ကြောင်း တော်တော်လေး ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လက်ခံသွားခဲ့ပါတယ်။


ဘူးခွံတွေကောက်ခဲ့တဲ့ နေ့ရက်များ


Steve Jobs

Steve ဟာ Reads Collage ကနေ ကျောင်းစရိတ်ကြီးတာရယ်၊ ရည်မှန်းချက်မည်မည်ရရ ပေါ်မလာတာရယ်ကြောင့် ကျောင်းထွက်ခဲ့ပြီး လက်ရေးလှသင်တန်းပဲ ဆက်တက်နေခဲ့ပါတယ်။ အဲဒီနောက်မှာ နေစရာလည်းပျောက်သွားခဲ့ပြီး သူငယ်ချင်းတွေရဲ့အိမ်မှာ လှည့်ပတ်အိပ်ခဲ့ရပါတယ်။ ထမင်းစားဖို့ ဘူးခွံတွေလည်း လိုက်ကောက်ခဲ့ပြီး တပတ်တခါ အစားကောင်းကောာင်းစားဖို့ကို ဝေးလံခေါင်ဖျားတဲ့ ဘုရားကျောင်းအထိ ခြေကျင်လျှောက်လေ့ရှိပါတယ်။ သူကိုယ်တိုင်ကလည်း ဒါကို ပျော်ရွှင်နေခဲ့ပြီး ရင်ခုန်နေခဲ့ရတယ်လို့ ဆိုပါသေးတယ်။


မျက်နှာပြောင်တိုက်လွန်းသူ


Steve Jobs

Steve တယောက် ရုံးမှာရှိနေချိန်ဆို ပွတ်ပွတ်ညံနေပါတယ်။ ဝန်ထမ်းတွေရဲ့ အိုင်ဒီယာတွေကို ပစ်ပစ်ခါအောင် ငြင်းဆန်အော်ဟစ်ပြီး နောက်ရက်နည်းနည်းကြာတဲ့အခါမှာ သူ့အိုင်ဒီယာလိုမျိုး အားလုံးရှေ့မှာ ပြန်ပြောနေတတ်ပါတယ်။ အစည်းအဝေးတွေမှာလည်း သူပြောတာကို လက်မခံရင်၊ အကြိတ်အနယ်ဖြစ်လာရင် ငိုယိုလေ့ရှိပါတယ်။ တစ်ခါလည်း သူ့ရည်းစားတယောက်ကို အရမ်းလှတဲ့အင်္ကျီလေး တထည်ကို အဝေးကြီးထိသွားပြခဲ့ပြီး ဝယ်လည်းမပေးပဲ ပြန်ခေါ်လာခဲ့လို့ ပြတ်သွားရှာပါတယ်။ ရေလည်းဘယ်တော့မှ မချိုးပဲ ညစ်ပတ်လွန်းတာကြောင့် သူ့ကို သန့်ရှင်းရေးလုပ်ပေးဖို့ ရုံးမှာ ဝန်ထမ်းတယောက်ခန့်ထားရပါတယ်။ သူအရမ်းစိတ်ညစ်လာရင် အိမ်သာခွက်ထဲကို ခြေထောက်စိမ်ထားလေ့လည်း ရှိပါတယ်။


လူမှုရေး ဆိုးဝါးခြင်း


Steve Jobs

Steve ဟာစကားပြောရင် သိပ်အချိုးမပြေပဲ ဒဲ့ဒိုးပြောတတ်ပါတယ်။ တခါလည်း အရေးကြီးပုဂ္ဂိုလ်တဦးနဲ့ စကားပြောရာမှာ သူ့ရဲ့ အားကစားဖိနပ်တွေကို စာကြည့်ခုံပေါ်တင်ထားမိတာကြောင့် နှင်ထုတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Steve Wozniak ကိုလည်း $5000 ရတဲ့အလုပ်ကို $700ပဲရတယ်လို့ လိမ်ခဲ့ဖူးပြီး တစ်ဝက်ဖြစ်တဲ့ $350 ပဲခွဲပေးခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ညမချိန်မတော် ဖုန်းခဏခဏဆက်ပြီး အပြစ်တင်တာမျိုး၊ အကြံတောင်းတာမျိုးလည်း အမြဲလုပ်ပါတယ်။ ခေါင်းမာပြီး ဇီဇာကြောင်တာကြောင့် တော်ရုံလူဆို သူ့ဒဏ်ကို ခံနိုင်ရည်မရှိရှာပါဘူး။

Steve Jobs

ဒါဟာ Steve Jobs ရဲ့ ထူးခြားတဲ့ အမူအကျင့်တွေဖြစ်ပြီး ကြောင်တောင်တောင်နဲ့ နှစ်လိုဖွယ်မကောင်းပါဘူး။ ဒါပေမယ့် သူ့အနုပညာလက်ရာတွေ ရုပ်လုံးကြွလာဖို့ မရှိမဖြစ်အရာတွေပဲလို့ ကျွန်တော်တကိုယ်တည်းအနေနဲ့ ယူဆမိပါတယ်။ Steve Jobs ရဲ့ ဘဝအချိုးအကွေ့တွေနဲ့ ဖန်တီးမှုတွေအကြောင်းကို ပြည့်ပြည့်စုံစုံသိချင်ရင်တော့ အတ္တုပ္ပတ္တိ စာရေးဆရာကြီး Walter Isaacson ရဲ့ “Steve Jobs” ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ရူလို့ရပါတယ်။ နည်းပညာကို အနုပညာနဲ့ ပေါင်းစပ်ပြီး ခမ်းနားတဲ့လက်ရာတွေကို ထားရစ်ခဲ့တဲ့ Steve Jobs ကို တစ်ကမ္ဘာလုံးက အောက်မေ့သတိရနေကြမယ် ထင်ပါတယ်။

Steve Jobs

နောက်ဆုံးအနေနဲ့ Steve Jobs ရဲ့ စကားလေးတခွန်းနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်တို့တတွေကို ရပ်တန့်မနေစေဖို့ တွန်းအားလေးတခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

 

“Stay Hungry. Stay Foolish.” 

 


အားလုံးပဲ ကြည်နူးပျော်ရွှင်ဖွယ် တနေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။


Swan Htet (Hap Eye)