Skip to main content
Artificial Intelligence
Digital Life Style
| 4 January 2019

AI နည်းပညာရဲ့ နေ့စဉ်ဘဝမှာ အကျိုးသက်ရောက်မှုရှိမယ့် အချက် (၆) ချက်

နည်းပညာက ကြောက်စရာကောင်းလောက်တဲ့ အရှိန်အနှုန်းနဲ့ တိုးတက်နေပါတယ်။  ကျွန်တော်တို့ အခုအိတ်ကပ်ထဲမှာ ရှိတဲ့ နည်းပညာက ၁၉၉၀ ခုနှစ်က ကျွန်တော်တို့အိမ်မှာ ရှိခဲ့တဲ့ နည်းပညာထက် စွမ်းဆောင်ရည်ပိုမြင့်ပါတယ်။ ပြောရမယ်ဆိုရင် ဖုန်းပေါ့ဗျာ။ ကျွန်တော်တို့အိတ်ကပ်ထဲ ထည့်ထားနေတဲ့ ဒီအရာကြီး… ဒီဖုန်းကြီးက ၂၀ ရာစုက အိမ်သုံးကွန်ပျူတာတွေထက် စွမ်းဆောင်ရည် ပိုမြင့်တယ် ဆိုတာ ခင်ဗျားအနေနဲ့ ငြင်းလို့မရပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာအထိ Artificial Intelligence ဆိုတဲ့ AI နည်းပညာဆိုတာ စိတ်ကူးယဉ် သိပ္ပံနည်းပညာ တစ်ခု အနေနဲ့ပဲ တည်ရှိခဲ့တာပါ။ ဒါပေမယ့် ၂၀၁၆ မှာ NPR က သိပ္ပံပညာရှင်တွေဆီမှာ Machine Learning ဆိုတဲ့ နည်းပညာ ရှိနေပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။
(Machine learning ဆိုတာ လူတွေရဲ့ အာရုံကြော ကွန်ရက်တွေကို တုပပြီး အာရုံကြော အတုတွေနဲ့ သုံးထားတဲ့ နည်းပညာပါ။)
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အကျိုးသက်ရောက်မှုရှိမယ့် AI နည်းပညာရဲ့ ကောင်းကွက်တွေကို အခု မိတ်ဆွေတို့ကို ပြောပြချင်ပါတယ်။


အလိုအလျောက် သယ်ယူပို့ဆောင်ရေးစနစ် (Automated Transportation)


self-driving

Self-driving ကားတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ လူကိုယ်တိုင်မောင်းစရာမလိုဘူး။ လိုချင်တဲ့နေရာကို Direction မှတ်လိုက်။ ပြီးတာနဲ့ ကားက ကိုယ့်ကို ခေါ်ဆောင်သွားမှာပါ။ လောလောဆယ်မှာ ဒီ Technology ကို ကျယ်ကျယ်ပြန့်ပြန့်မသုံးကြသေးဘူးဆိုပေမယ့် တချိန်ချိန်မှာ ကျွန်တော်တို့ရဲ့ နေ့စဉ်သယ်ယူပို့ဆောင်ရေးစနစ်မှာ ကြီးစိုးလာမယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ကိုယ်ပိုင်ကားတွေအပြင် မီးရထားစနစ်၊ လိုင်းကားစနစ်တွေမှာလည်း ဒီ Technology ကိုတွေ့မြင်ရမှာပါ။


Cyborg Technology


cyborg

အရင်ဆုံး ကျွန်တော် Cyborg အကြောင်းလေးပြောပြချင်ပါတယ်။ အားလုံးလည်းသိမယ်ထင်ပါတယ်။ စူပါမန်းတို့အဖွဲ့ထဲက စက်ရုပ်ကောင်လေးကို Cyborg လို့ခေါ်ပါတယ်။ အခုပြောချင်တာလည်း အဲ့ဒါပါပဲ။ Cyborg ဆိုတာ သက်ရှိနဲ့ စက်ရုပ်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။(လူမှ မဟုတ်ဘဲ သက်ရှိမှန်သမျှနဲ့ ပေါင်းစပ်တဲ့ Technology ပါ) ဒီ Technology ကလည်း နောက်အနာဂတ်မှာ ထွန်းတောက်လာမှာ သေချာနေပါပြီ။
လူသားတွေကို တခြားသတ္တဝါတွေကနေခွဲခြားလိုက်တာက ဦးနှောက်ပါ။ လူသားတွေလောက် ဘယ်သတ္တဝါကမှ မတွေးခေါ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေးခေါ်နိုင်စွမ်းနဲ့ စက်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပေါင်းစည်းလိုက်ခြင်းက ကျွန်တော်တို့ရဲ့ Own Abilities တွေကို တိုးတက်စေမယ်လို့ သိပ္ပံပညာရှင်တွေက ထင်မြင်ကြပါတယ်။ အနာဂတ်မှာ ဒီ Technology က ကျွန်တော်တို့ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ကိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဥပမာပြောရရင် ကျွန်တော်က အိမ်အပေါ်ထပ်ကနေ အိမ်အောက်ထပ်ကို လှေကားနဲ့ မဆင်းချင်ဘူး။ တန်းပြီးတော့ ခုန်ချချင်တယ်။ တကယ်သာ ခုန်ချကြည့်ရင် ဒဏ်ရာအနာတရတော့ဖြစ်မှာပဲ။ အဲ့ဒါဆို Cyborg Technology သုံးကြည့်လိုက်မယ်။ ကျွန်တော့်ခြေထောက်တွေမှာ စက်ပစ္စည်းလေးတွေတပ်လိုက်မယ်။ ပြီးတော့ အပေါ်ထပ်ကနေ ခုန်ချမယ်။ အဲဒါ့ဆို အနာတရ ဖြစ်နိုင်ခြေနည်းသွားပါပြီ။ (Iron Man နဲ့တောင် ခပ်ဆင်ဆင်ဖြစ်သွားအုန်းမယ်) ဒီလိုမျိုးကို ဆိုလိုချင်တာပါ။ ဒါဟာ အနာဂတ်မှာ ထွန်းကားလာအုန်းမယ့် AI Technology တစ်ခုပါ။


အန္တရာယ်များတဲ့ အလုပ်တွေကို လူတွေ မလုပ်တော့ဘူး


Bombs တွေကို လူတွေ ကိုင်တွယ်တာ အရမ်းအန္တရာယ်များပါတယ်။ အကိုင်အတွယ်မှားရင် ထပေါက်ကွဲနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလိုမျိုး အရမ်းအန္တရာယ်များတဲ့ အလုပ်တွေမှာ လူတွေအစား စက်ရုပ်တွေကို အသုံးပြုလာကြပါပြီ။ ဒီလိုမျိုး Machines တွေကိုတော့ AI နည်းပညာကို အသုံးမပြုသေးဘဲ လူသားတွေကပဲ ထိန်းချုပ်နေကြပါတယ်။ ဘယ်လိုပဲထိန်းချုပ်ပါစေ၊ ဒီ Machines တွေက အသက်ပေါင်းများစွာကို အန္တရာယ်ဘေးကနေ ကယ်ဆယ်ခဲ့ပါတယ်။  တိုးတက်လာတဲ့ နည်းပညာအရ ဒီ Machines တွေကို AI နည်းပညာနဲ့ ပေါင်းစပ်ထားတာကို ကျွန်တော်တို့တွေ့မြင်နေရပါပြီ။


ရာသီဥတုဖောက်ပြန်ခြင်း ပြဿနာကို ဖြေရှင်းခြင်း


ရာသီဥတုဖောက်ပြန်ခြင်း ပြဿနာကို ဖြေရှင်းတယ်ဆိုတာ စက်ရုပ်တွေဆီက အရမ်းအကြီးကြီးတွေ မျှော်လင့်နေသလိုတော့ ဖြစ်နေပါတယ်။ သို့ပေမယ့် Stuart J. Russell ကဆိုပါတယ်။ စက်တွေဟာ လူသားတွေထက် Data တွေကိုပိုပြီး ရယူနိုင်ပါတယ်။ ပိုပြီး သိမ်းဆည်းနိုင်တယ်။ များပြားလှတဲ့ အချက်အလက်တွေကိုလည်း လူတွေထက် ပိုပြီး ကောင်းမွန်စွာ သိမ်းဆည်းနိုင်ပါတယ်။ အဲ့ဒီလို သိမ်းဆည်းထားတဲ့ Data များစွာကို အသုံးပြုပြီးတော့ ဖြစ်ပျက်နေတဲ့ အခြေအနေကို သုံးသပ်မယ်၊ သတင်းအချက်အလက်တွေကို ပြန်ထုတ်မယ်။ ဒီလိုနဲ့ ကမ္ဘာကြီးရဲ့ အဓိက ပြဿနာတွေကို AI နည်းပညာက ဖြေရှင်းနိုင်ပါလိမ့်မယ်။


သူငယ်ချင်းစက်ရုပ်လေးတွေ


domestic robots

ကျွန်တော်တို့နဲ့ အဖော်ပြုဖို့ စက်ရုပ်တွေ ထွက်ပေါ်နေပါပြီ။ ကတ်တွေ တူတူကစားမယ်။ Chess ထိုးမယ်။ ဒါမှ မဟုတ် တူတူစာဖတ်မယ်။ ဒီလိုမျိုး စက်ရုပ်တွေက ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ ဖြစ်လာမှာပါ။ အိမ်သုံးစက်ရုပ်အနေနဲ့ဆိုရင်လည်း တံမြက်စည်း လှည်းမယ်၊ ဖုန်သုတ်မယ်၊ ဒါ့အပြင် ကိုယ်မအားတဲ့ အချိန် ကိုယ့်သားသမီးတွေကိုလည်း ကူထိန်းပေးခိုင်းလို့ရပါတယ်။ ဒါဟာ ထွန်းကားလာတဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေပါ။


သက်ကြီးရွယ်အိုစောင့်ရှောက်မှု



လခစားတစ်ယောက်အနေနဲ့ မိမိအိမ်မှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ရာ ခက်ခဲလှပါတယ်။ အလုပ်တစ်ဖက်နဲ့ အိမ်ကို ပြန်ကြည့်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အပေါ်ကပြောခဲ့သလို အိမ်သုံးစက်ရုပ်တွေက အသုံးဝင်လာပါတယ်။ သက်ကြီးရွယ်အိုတွေကို ကိုယ်က ဂရုစိုက်ဖို့ အချိန်မပေးနိုင်တဲ့အခါ AI နည်းပညာက ကူညီပေးပါတယ်။ ဒါဟာ အရမ်းကို ကောင်းမွန်လှတဲ့ နည်းပညာတိုးတက်မှုပါ။


အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့်လည်း AI နည်းပညာက ကျွန်တော်တို့ နေ့စဉ်ဘဝကို ဝင်ရောက်လာမယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရတာ သေချာပါတယ်။ ကျွန်တော်အခုပြောပြခဲ့တဲ့ (၆)ချက်အပြင်ကို AI နည်းပညာက ကျွန်တော်တို့အနာဂတ်ကို တခြားသော နည်းလမ်းများဖြင့်လည်း စိုးမိုးနိုင်ပါတယ်။ နည်းပညာက အချိန်တိုင်း တိုးတက်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နောက်ကျကျန်ခဲ့လို့ မရပါဘူး။
ဖတ်ရှုပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံး လှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ။

 

Phyo Wai Yan (HapEye)